Hot and Cold.

အပြင်မှာ မိုးကစွေနေသည်။ ယနေ့မိုး တဖွဲဖွဲကျသဖြင့်
အနည်းငယ်အေးသည်။ ထိုကြောင့်
ကျွန်‌တော် ယနေ့ ရေမချိုးဖြစ်ပေ။ နေ့စဉ်
ရေချိုးသူဆိုတော့ တရက်ရေမချိုးသည်နှင့်
စိတ်မှာ မလန်းဆန်းသလို ဖြစ်သည်။ ရေကို
ကြိုက်သော်လည်း ကျွန်တော်က အအေးကြောက်သူ
တဦးဖြစ်သည်။ ဟယ် ဘယ်လိုပါလိမ့်။ ရေကို
ကြိုက်ပြီး အအေးကြောက်သတဲ့လား။

ဘယ်လိုပြောရပါ့။ အပူကိုလည်း သိပ်ကြိုက်လှ
ရယ်လို့တော့ မဟုတ်ပါ။ အပူနှင့် အအေးမှာ
အအေးက ရောဂါကို ပိုတိုးစေတတ်သလား။
အပူက ရောဂါကို သက်သာစေသလား။
ဒါက ကျွန်တော်ရဲ့ တကိုယ်ရည် အထင်ပင်။
လူအမျိုးမျိုးရှိသလို ရောဂါလည်း အမျိုးမျိုး
ရှိပေမည်။ အချို့ရောဂါများက အအေးနဲ့ တည့်
သလို။ အချို့ရောဂါတို့က အပူနဲ့မှ သက်သာတာ
လည်းရှိပြန်သည်။

ရောဂါအကြောင်းတွေ။ အပူ၊ အအေးအကြောင်းတွေ
ပြောနေလို့ ငထွေးတယောက် ဘာရောဂါရှိနေသလဲဟု
ထင်ကြပေမည်။ ကျွန်တော်က အအေးနှင့်
အကြာကြီး မနေနိုင်သူတဦးဟုပြောရမည်။
ဒါဆို အပူနဲ့ ဆိုရင်ရော ဆိုတော့ကာ။
အပူနဲ့လည်း အကြာကြီး မနေနိုင်ပါဘူးရယ်။
ဟွင့် ခင်များဟာကလည်း ရှုပ်နေတာပဲ။
အဲ့သလို ပြောပါရင်လည်း ခံရမှာပါပဲ။

ဒီလိုဗျာ ကျွန်တော်ခရီးတခုသွားသည့်အခါ
အေးသော အရပ်ဒေသသို့ရောက်ရှိပါမူ
အအေးမိပြီး ထိုးအန်တက်ပါသည်။ အအေး
က အတော်အတန်အအေးကိုပင် အိပ်ရေး
ပျက်ပါမူလည်း အော့အန်တက်သည်။
ထိုသို့ အန်သည့်အကြောင်းကို ပြန်တွေးကြည့်ပါမူ။
ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံပျံပွဲမှ စတင်
ရပေမည်။ တခုသောတန်ဆောင်မုန်းလပြည့်နေ့
မှာ မန္တလေးမှ ညနေခုနှစ်နာရီလောက် ပြင်ဦးလွင်
သို့ လိုက်ထရက်ဖြင့် တက်ခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့ မန္တလေး-
ပြင်ဦးလွင် ကာလမ်းက အတော်ကိုစည်၍
ကားလမ်းကြပ်ကာပိတ်တတ်သည်။ ထိုကြောင့်
မန်းလေးမှ ညအချိန်ထွက်ခဲ့ခြင်းဖြစ်သည်။
မန်းလေးအထွက် ကားများက အများအားဖြင့်
မနက်ခင်းပိုင်းမှာ တက်ကြသည်ကများသည်။
ညအချိန် တောင်ပေါ်သို့ရောက်လေ အေးလာလေ
ဖြစ်သည်။ အနွေးထည်ဝတ်ထားပါလျှက်
မီးပုံပျံကွင်းသို့ရောက်တော့ လူကအေးချင်နေပြီ။

မီးပုံပျံလွတ်တင်သော ကွင်းက အောက်အချိုင့်မှာ
ဖြစ်သည်။ ကျွန်တော်တို့ကားက အပေါ်မှနေရာယူကာ
စီးမိုးကြည့်ရသည်။ တန်ဆောင်မုန်းလကြီးကာ
သာယာလှသလို လေအေးများကလည်း တိုက်ခတ်
၍ အေးသည်။ ကားများ၊ လူများရှိသဖြင့် အအေး
သက်သာသည်ဟုပြောရမည်။ မီးပုံပျံများလွှတ်တင်သည်ကို
ပိုမိုမြင်ရရန် ကားအပေါ်တက်၍ကြည့်
သည်။ ထိုအခါမှ လေတိုက်မှုကို သတိထားမိသည်။
လေတဖြူးဖြူးဖြင့် ပြင်ဦးလွင်၏ အအေးဒဏ်ကို
ခံရသည်။

မီးပုံပျံများကြည့်နေစဉ် တလုံးသော မီးပုံက ကျွန်တော်တို့
ကြည့်သော နေရာနှင့် မနီးမဝေးမှာ
ပြုတ်ကျသည်။ ပြုတ်ကျသောနေရာက ဆိုင်ကယ်
အအပ်ခံထားသည့်နေရာဖြစ်၍ ဆိုင်ကယ်တစီး
မီးလောင်သွားသည်။ ထိုအခါ လူများ ရုတ်ရုတ်သဲသဲ
ဖြစ်သွားသေးသည်။ ခဏအကြာမှာ ပြန်လည်ငြိမ်
သွားသည်။ ကိုယ်လို သူလိုလာကြည့်သည့် ကား
အချင်းချင်းက ညဆယ့်နှစ်နာရီမှာ ဆေးပေါင်းခ
သည်ဆိုပြီး မယ်ဇလီဖူးသုပ်များ ကုသိုလ်လုပ်သည်။

ညအချိန် အအေးမိသည့်အပြင် မယ်ဇလီဖူးသုပ်က
ဆေးပေါင်းခသလားမသိပေ။ ကျွန်တော်အဖွဲ့သည်
ညနှစ်နာရီမှာ မန္တလေးသို့ဆင်းလာခဲ့သည်။ မနက်ပိုင်း
သို့ ရောက်ပါမူ ကားလမ်းကြပ်မည်ဆိုသည်လည်း
ပါသမို့ ညတွင်းချင်းပြန်လာခဲ့သည်။ အိမ်သို့ရောက်သောအခါ
သုံးနာရီခွဲကျော်ပေသည်။ ထိုအချိန်မှာ
လူက မဟန်နိုင်တော့ပေ။ ရင်ခေါင်ထဲ ပျို့တက်လာ
ပြီး ထိုးအန်ပါလေသည်။ ဆေးပေါင်းခတဲ့
မယ်ဇလီတွေရော၊ ‌ပြင်ဦးလွင်ကော်ဖီတွေရော
တဝေါဝေါနဲ့ ပြန်ထွက်ကုန်လေသည်။

နောက်တကြိမ်များက ချောင်းသာ သွားသည့်အခါ။
အလောင်တော်ကဿာပဘုရားသွားဖူးစဉ်က
တကြိမ်ဖြစ်ပေသည်။ အလောင်တော်ကဿာပ
ဘုရားဖူးခရီးသွားစဉ်က ပိုဆိုးသည်။ ပိုဆိုးဆိုပါမူ
ထိုအရပ်က တောကြီးတောင်ကြီးများပေါများကာ
အလွန်အေးသော ဒေသဖြစ်ပေသည်။ အေးလွန်သဖြင့် နေရောင်ခြည်ကို တမ်းတမိသည်။
နေရောင်လေးရရှိသည့်အခါမှာ လူကနွေးထွေးကာ
နေသာ ထိုင်သာရှိလာရပေသည်။ ငယ်စဉ်က
ရှမ်းပြည်တောင်ပိုင်းသို့ သွားခဲ့စဉ်က ထိုသို့မဖြစ်ပေ။
အသက်အရွယ်ကြောင့်လည်းပါပေမည်။ အော်
အသက်က စကားပြောတယ်ဆိုတာ ဒီလိုပါလားဟု
ကိုယ့်ကိုယ်ကို ဆင်ခြင်ရတာပေါ့လေ။

@htwegyi
July 28, 2025



0
0
0.000
4 comments
avatar
(Edited)

ပြင်ဉီးလွင် တန်ဆောင်တိုင်ပွဲတော်က အရမ်းပျော်ဖို့ကောင်းတယ်။ အရမ်းအေးတာပဲ။ ကျွန်တော်တို့ ပြင်ဉီးလွင်သားတွေတောင် အနွေးထည်အထူကြီးတွေဝတ်ကျရတာ။ မှတ်မိသေးတယ်။ တချို့မန်းလေးက လာတဲ့ မိန်းကလေးတွေ အင်ကျီအပါး စကပ်တိုလေးတွေနဲ့ ညရောက်တော့ ခိုက်ခိုက်တုန်အောင် ချမ်းကြပါလေရော။ ဒါတောင် အနီးနားက သစ်ကိုင်းခြောက်တွေရှာကြံပြီး မီးမွှေးထားကြပေလို့ မဟုတ်ရင်တော့ သူတို့တော့ မတွေးရဲစရာ။😅

ဉီးထွေးအန်တာ အအေးပတ်သလိုဖြစ်ပြီး ခရီးပန်းတာရော၊ အိပ်ရေးပျက်တာရောကြောင့် ဖြစ်လိမ့်မယ်ဗျ။ နောက်ဆို အဆင်ပြေအောင် မနက်ကတည်းက ပြင်ဉီးလွင်ကို တက်လာပြီး ကားနေရာနဲ့ နေရာထိုင်ခင်း ကြိုယူထားတာက ပိုအဆင်ပြေမယ်ဗျ။ ကွန့်မန့်ရေးရင် တန်ဆောင်တိုင်လေး ပြန်လွမ်းနေမိတယ်။

!PIZZA

!LOL

!sbi status

0
0
0.000
avatar

Hi @myanmarkoko!

  • you have 18 units and 0 bonus units
  • your rshares balance is 144357820780 or 0.048 $
  • you need to wait until your upvote value (current value: 0.016 $) is above 0.021 $



    Have you seen our website?
    It's a great resource to check your Hive SBI levels, along with your history of who has sponsored you and what upvotes we have provided you!
0
0
0.000
avatar

အဲ့ စကပ်တိုမိန်းခလေးတွေ အစား အအေးမိရင်ဖြင့်
မတွေးရဲ။ သို့ပေသိ သူရို့က လူငယ်တွေမို့
အအေးဒဏ် ခံနိုင်ပါလိမ့်မယ်။

0
0
0.000