ရွှေစာရံ လက်ပံ

avatar

ရွှေစာရံ ဘုရားပွဲသို့အသွား လမ်းမှာ တွေ့ရသော
လက်ပံပွင်ကြီးကို မြင်တော့ လက်ပံပွင့် သီချင်းများကို
အတွေးမှာ ပေါ်လာသည်။ လက်ပံပွင့်တွေ လေအတိုက်
ကြွေလိုက်တဲ့အခါ တဝဲဝဲနှယ် လေယာဉ်ပမာ။
အော်ချစ်စရာ ချစ်စရာ မြင်ရပါလေဦး။ ရိုးတံ
တွေလည်း နေပူထဲမယ်။ နွေမိန်တပေါင်း
ကြွေချိန်ပြောင်း ရွက်ဟောင်းကြွေကျ
မြေခရပြီးကွယ်။ လေရူးဆော်ကာ မြူမှုန်အကြား
လက်ပံပွင့်ကြွေများ လုကောက်ကြသည်။
လက်ပံပွင့်ကောက် အရောက်လာမယ် သီချင်းသံ
ကိုလည်း ကြားယောင်မိ။

ရွှေစာရံဘုရားသို့ မနက် ဆယ်နာရီခွဲမှာ အိုးဝေ
ဖြင့်ထွက်ခဲ့သည်။ နေ့လယ်စာကို ချိုင့်ဖြင့်ထည့်
ယူခဲ့ကြသည်။ ထုံးဘို-မြစ်ငယ်လမ်းခွဲမှ အရှေ့သို့
တက်ကာ တောတွင်ကျေးရွာ ရေမြောင်းလမ်းအတိုင်း
မောင်းခဲ့သည်။ ရွှေစာရံဘုရား အနောက်ဘက်မှ
ဝင်ရောက်သည်။ တောတွင် ကျေးရွာ ရေမြောင်း
လမ်းတလျောက်တွင် သက်တမ်းရင့် သရက်ပင်
အိုကြီးများကို သရက်ဖူး၊ သရက်ကင်းများဖြင့်
တွေ့ရသည်။

ထုံးဘို၊မြစ်ငယ်လမ်းခွဲတလျောက် ဘေးတဖက်တချက်မှာ
နီနီရဲရဲ လက်ပံပင်များကို တွေ့ရသည်။ လက်ပံပွင့်
များကိုမူ မြေမှာ မတွေ့ရ။ အဘယ်ကြောင့်ဆိုသော
လက်ပံပင်အောက်မှာ လက်ပံပွင့်ကောက်သူ
ဆိုင်ကယ်နှင့် စက်ဘီးသမားများကို တွေ့ရသည်။
သူရို့က လက်ပံပွင့်များ လေအလာ ကြွေအကျကို
စောင့်ပြီးကောက်ကြသည်။

တောတွင်ရွာအဆုံး ကတ္တရာလမ်းလည်းဆုံးကာ
တံတားဖြတ်ကူး၍ ရွှေစာရံဘုရားလမ်းသို့ ကူးရသည်။
ထိုတံတားအနီးမှာ လက်ပံပင်ကြီး တပင်ကိုတွေ့ရသည်။
ထိုအပင်မှာ ကားများ၊ ဆိုင်ကယ်များ ရပ်၍
ဓာတ်ပုံရိုက်နေသူများကို တွေ့ရသည်။
ထိုမှတဖန် ဆက်လက်မောင်းလာရာ ငါးမိနစ်
ကျော်ခန့် မောင်းလာသည့်အခါမှာ လက်ပံပင်ကြီး
တပင်ကို ထက်မံတွေ့ရပြန်သည်။ ထိုလက်ပံပင်ကြီး
က ပိုမိုလှပသည်။ ကားများ၊ အိုးဝေများနှင့်
ဆိုင်ကယ်များ စီးတန်းရပ်ပြီး ထိုလက်ပံကြီးကို
နောက်ခံပြု၍ ဓာတ်ပုံရိုက်သူ အများအပြားကို
တွေ့ရပြန်သည်။

ဒီတခါတွေ့ရသော လက်ပံပင်ကြီးက မကြာခင်
ခြံခတ်ခြင်းခံရပေတော့မည်။ အဘယ်ကြောင့်ဆိုသော
လက်ပံပင်ကြီး အောက်ခြေမှာ သံဇကာခြံစည်ရိုးများ
ခတ်ထားသည်။ လက်ပံပင်ကြီး၏ နေရာကွက်ကြားလေးကိုသာ
သံဇကာ တကွက်ခြံကာ ဖွင့်ပေးထားသည်။
ပွဲတော်ရက်ရောက်ပါမူ ခြံခတ်၍ ထားပေမည်လား
မသိပေ။

စီးပွားရေးသမားများက ဈေးကွက်မြင်ကြပေသည်။
အဆိုပါ လက်ပံပင်ကြီး၏ မြေကွက်အကျယ်ကို
ခြံကြီးခတ်၍ စားသောက်ဆိုင်လား၊ ဘာလုပ်ငန်း
လုပ်မည်မသိပေ။ နောက်ရက်များမှာ လက်ပံပင်ကြီး
အနီးသို့ ကပ်ပြီး ဓာတ်ပုံရိုက်နိုင်ကြတော့မည် မဟုတ်ပေ။
ထိုလက်ပံပင်ကြီးကို ဓာတ်ပုံရိုက်မည်ဆိုပါက
ထိုခြံဝင်းအတွင်းသို့ ဝင်ရောက်မှသာ ဓာတ်ပုံရိုက်နိုင်တော့မည်
ဖြစ်ပေသည်။

ထိုလှပသော လက်ပံပင်ကြီးကို ကျော်ပြီးသကာလ
နားဍောင်းကျချောင်း တံတားကိုကျော်ကာ ရွှေစာရံ
ဘုရားသို့ ရောက်ချေသည်။ အဖော်တွေ ပျော်ပျော်
ပါးပါး မော်တော်ကားနဲ့လည်။ အသက်မကြီးသေးပါ
မောင်ရယ် ထန်းရွက်ပုတီးလေးဆွဲလို့ ရွှေစာရံကို
အရောက်သွားမယ်။ ဟုတ်ပ ထန်းရွက်ပုတီးသည်
များကို များစွာ မတွေ့ရပေ။ မတွေ့ရဆို သူတို့
ရောင်းချသော ပစ္စည်းခနှင့် ဆိုင်ခန်းခက မျှတမှု
မရှိ၍ ဖြစ်ပေမည်။ ထိုကြောင့် ထန်းရွက်ပုတီး၊
ထန်းရွက်အရုပ်လေးများ ရောင်းချသူ အနည်းငယ်
ကိုသာတွေ့ရသည်။

ထို ထန်းရွက်ပုတီးရောင်းချသူ အနည်းငယ်
ထံမှာပင် ဓာတ်ပုံရိုက်သူများက အလုအယှက်
ရိုက်နေကြပေသည်။ ရွှေစာရံနှင့် ထန်းရွက်ပုတီး
က ခွဲခြားမရပေ။ ဘုရားပွဲတော်လာသူ အမျိုးသမီး
များကို သတိထားမိသည်မှာ ဘောင်ဘီရှည်ဝတ်ဆင်
ထားသူ အများစုကို တွေ့ရသည်။ မြန်မာထဘီ
ဝတ်သူနှင့် ဘောင်ဘီဝတ်သူက ညီတူမျှတူ
ရှိလှသည်။

ရွှေစာရံဘုရားဖူးအပြီး ဒုဌဝတီရေဆိပ်သို့ ဆင်းခဲ့ကြသည်။
နေ့လယ်စာကို ဘုရားအတွင်းမှာ စားကြသည်။ တူမတို့
ဇနီးမောင်နှံက စက်တပ်လှေစီးကြသည်။ကျွန်တော်က
ကမ်းပေါ်နေရစ်ကာ ဓာတ်ပုံရိုက်နေခဲ့သည်။ စက်လှေတစ်စီးလုံးကို
နှစ်ယောက်စီးခ တစ်သောင်းကျပ်ပေးရသည်။ ပွဲတော်ချိန်ဆိုပါမူ
မရဟု ပြောသည်။ ဘုရားပွဲအပြန် အမေ့အတွက် ကရေကရာ၊
မုန့်ခေါင်းအုံးနှင့် ဆီးချိုသီးများဝယ်ကာ ပြန်ခဲ့သည်။
အိမ်အပြန် လမ်းတလျှောက်မှာ တွေ့ရသော လက်ပံပင်များ
အောက်မှာ ကားရပ်ပြီး လက်ပံပွင့်များ ကောက်ခဲ့ကြ
ပါသေးသည်။ အိမ်အပြန်လက်ဆောင် လက်ပံပွင့်
တွေနဲ့ပါလေ။

@htwegyi
February 18, 2026



0
0
0.000
1 comments
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 26000 upvotes.
Your next target is to reach 27000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000