ဝါဆို ရယ်၊ ဝါခေါင် ရယ်က

မနက်က ဈေးအသွားမှာ ကြာဇံဟင်းချက် စတုဒီသာ
ကျွေးသဖြင့် ဝင်စားခဲ့သည်။ နယုန်လကွယ်နေ့
တနင်္ဂနွေနေ့ဆိုတော့ ကုသိုလ်ပြုသူများက ပိတ်ရက်
မို့ ပြုလုပ်ကြခြင်းဖြစ်ပေသည်။ မနက်အစောမှာ
အမေက တိုးဟူးကြော်နှင့် ထမင်းဆီဆမ်းစားချင်
သည်ဟုပြောသည်။ ထိုကြောင့် စက်ဘီးဖြင့် ဈေး
ရှိရာ အကြော်ဆိုင်သို့ ထွက်ခဲ့သည်။ အကြော်ဆိုင်
နှင့် ဈေးသွားရာလမ်းမှာ စတုဒီသာတွေ့သဖြင့်
ဝင်စားခဲ့ခြင်းဖြစ်သည်။

ကုသိုလ်ရှင်က စားချင်စေသဖြင့် ပန်ကန်အပြည့်
မောက်လျှံအောင်ထည့်ပေးသည်။ ကိုယ်တွေက
သူထည့်ပေးသလောက် မစားနိုင်ပေ။ မနည်း
ကုန်အောင်စားပါသော်လည်း မကုန်နိုင်ပေ။
ထိုကြောင့် ကြာဇံဖတ်များကိုသာ ရွေးစားပြီး
အရည်များကိုတော့ မစားနိုင်တော့ပေ။ ကြာဇံချက်
စားရင်း တွေးမိသည်။ လှူနိုင်သူများက လှူနိုင်သလို
ရှားပါးသူများကလည်း ရှားပါးကြပေသည်။
လူ့အလို နတ်မလိုက်နိုင်ပါပေ။

လူ့အလို နတ်မလိုက်နိုင်ပေသိ လူမှန် နေရာမှန်
ကိုယ့်အလုပ် ကိုယ်လုပ်၊ သူ့အလုပ် သူလုပ်ရင်ဖြင့်
နတ်မလိုက်နိုင်လည်း အဆင်ပြေပေမည်။ ယခုတော့
ကိုယ့်အလုပ်၊ သူ့အလုပ် မလုပ်ကြသူများကြောင့်
ဒုက္ခများကြရပေသည်။ ကိုယ့်မှာလည်း တခါလာ
လည်း ဒီဘူတာဆိုက်နေသလို။ ရေးဖို့ စဉ်းစား
လိုက်တိုင်း ဒီအကြောင်းအရာသို့သာ ရောက်နေ
ပေသည်။ အင်း ခက်ပေစွ။

တနေ့က မိတ်ဆွေတဦး မှ ဖုန်းဆက်လာသည်။
သူတို့နေထိုင်သည့်နေရာများကို မီတာများ လာရောက်
တပ်ဆင်ပေမည်ဟု သိရသည်။ မအလ၏ ရက်တစ်ရာ
စီမံချက်ကြောင့်ဖြစ်သည်။ ကိုယ့်မှာလည်း ဒီဘူတာ
ပြန်ရောက်ရပြန်သည်။ မီးတိုင်နှင့် ပေသုံးရာအတွင်း
ရှိသူများကို မီတာချပေးမည်ဟုသိရသည်။ သို့နှင့်
သူသည် မေးမြန်း၍ မီတာလျှောက်လိုက်သည်။
ပထမဦးစွာ ရွာဝင်ကြေး ငါးသိန်းကျပ်ပေးရသည်။
မီတာအတွက် လျှောက်လွှာများဖြည့်၍ တင်ထား
ခဲ့ရသည်။ မည်သည့်အချိန် ရမည် မသိရပေ။

မီတာဆို၍ ကျွန်တော့်အိမ်ဓာတ်တိုင်မှ သွယ်ယူထားသော
လျှပ်စစ်ကြိုးသည် လေတိုက်သည့်အခါ
လွတ်သွားတတ်သည်။ ယခုအခါ ဝါဆို ဝါခေါင်
မရောက်သေးမီ လေများတိုက်ခတ်နေသည်။
ထိုကြောင့် ဓာတ်တိုင်မှ သွယ်ယူထားသော
လျှပ်စစ်ကြိုးက မမိချင်ပေ။ ဓာတ်ကြိုးကို ရေသန့်ဘူးမှာ
သဲထည့်ပြီး ချိတ်ဆွဲထားရသည်။ တခါတရံ လေတိုက်
အားကြီးပါက လွတ်သွား၍ မီးလုံးများက ဖွင့်လိုက်
ပိတ်လိုက်ဖြစ်နေတတ်သည်။ ထိုသို့ဖြစ်ပါမူ
ဝါးလုံးချိတ်ဖြင့် ဓာတ်ကြိုးကို ဆွဲရသည်။
ဓာတ်ကြိုးကို ဝါးလုံးဖြင့် ဆွဲထားရင်း ရေမော်တော်
မောင်းရသည်။ သို့မှ လျှပ်စစ်မီးက ငြိမ်သွားပြီး
မီးလာပေသည်။ ဝါဆို ဝါခေါင်ရောက်ပါပြီ ဆိုပါလျှင်
ကိုယ်တွေရဲ့ ဓာတ်ကြိုးက အဲ့သလိုဖြစ်တတ်ပေသည်။
အင်း ဝါဆိုရယ် သိပ်သတိရမိတယ် ဆိုသလိုပါပဲ။

@htwegyi
June 14, 2026



0
0
0.000
3 comments
avatar

အရင်နှစ်ရက်က အိမ်မှာလည်း တစ်ကြိုးလွတ်သွားလို့ တိုင်တက်သူ ခေါ်လုပ်ခိုင်းရသေးတယ်။
တိုင်တက်ခ တစ်သောင်းပေးလိုက်ရပေါ့။
!LOLZ
!PIZZA

0
0
0.000
avatar

ဟုတ်တယ် ဒီမှာလည်း တိုင်တက်ခက တသောင်းလောက်ပေးရတယ်။

0
0
0.000