သူဟာနဲ့ သူတော့ ဟုတ်နေတာပဲ။

ကျွန်တော် သင်္ဘောပင်စိုက်သည်မှာ တစ်နှစ်
ကျော်ပြီဖြစ်သည်။ သင်္ဘောပင်စိုက်‌ပါသော်လည်း
အသီးက မသီး‌ပေ။ ထိုကြောင့်တလောက စိတ်
ပေါက်ပေါက်ရှိလှ၍ တပင်ကို ခုတ်ပစ်သည်။
Facebook and YouTube မှ သင်္ဘောပင်
အသီး သီးကြောင်း ပြသထားသည်ကို လိုက်လံ
ပြုလုပ်သော်လည်း မသီးပါ။

တနေ့ကတော့ တာယာပွကြီးစိုက်သော သင်္ဘောပင်
မှ အသီးလေးများ သီးနေသည်ကို တွေ့ရသည်။
ထိုကြောင့် တာယာပွကြီးက သူ့အပင်က အသီး
သီးသဖြင့် ပြောမဆုံးပေ။ သို့ပေသိ အသီးက
ငယ်သေးသဖြင့် တင် မတင်မသိရပေ။ အလုံးကြီး
လာမှသာ သီးပြီဟု အောင်းမေ့ရပေမည်။
သင်္ဘောပင်နှစ်ပင်အနက် တပင်က အမ၊ တပင်က
အဖိုပင်ဖြစ်သည်။ အဖိုပင်၏ အပွင့်များက ဆေးဖက်ဝင်သည်ဟု
ပြောသည်။ အပွင့်များကို ခူး၍ ပြုတ်ကာ တို့စား၊ သုပ်စား
ကြသည်။ အနည်းငယ်ခါးသည်။

ကိုယ်တွေက သင်္ဘောသီးလေးများကို အရိပ်ကြည့်
နေစဉ် ခရုများရန်က ကာကွယ်ရသေးသည်။
ယခုအခါ ခရုတို့က မည်သို့ မည်ပုံ ပေါများလာသည်
မသိပေ။ နေရာတကာ ခြံဝင်းအတွင်းမှာ ခရုများကို
တွေ့ရသည်။ ကိုယ့်ခြံမှ မဟုတ်ပေ။ အခြားသူများ၏
ခုံဝင်းများမှာလည်း ခရုများက အုံနဲ့ ကျင်းနဲ အင်မတန်
ပေါသည်ဟု ပြောကြပြန်သည်။

ခရုများက သင်္ဘောပင်ထိပ်ဖျားထိ တက်ကာ
အညွန့်လေးများစားသလား၊ အညှောက်လေးများစားသလား
မသိပေ။ တဖန် ပဲပုစွန်စင်ပေါ်သို့ကာ ပဲပင်အညွန့်လေးများ
တက်စားသလားမသိပေ။ ပဲစင်ပေါ်မှာ
ခရုအရွယ်အစား မျိုးစုံတက်ရောက်နေသည်။
ယခုနှစ် ခရုများကြောင့် ပဲသီး အသီးနည်းမလား
မသိပေ။

အဆိုပါ ခရုများက အတော်ဆိုးသည်။ ခရုများ
ယခုကဲ့သို့ မပေါများခင်ကတော့ ခရုနှစ်ကောင်ပူးသည်ကို
အဟုတ်မှတ်၍ ဖုန်းဖြင့် ဓာတ်ဖမ်းခဲ့သည်။
ခရုနှစ်ကောင်ပူးကို အတိတ်ကောက်၍ နှစ်လုံးဂဏန်း
ပင် ပြောဆိုခဲ့သေးသည်။ ခရုများပေါများလာသည့်အခါ အပင်ပေါက်လေးများသေကုန်သည်။
ဆယ့်နှစ်နာရီ ရောင်စုံပန်းပင်လေးများလည်း
ခရုများစား၍ နောက်ထပ် မပေါက်တော့ပေ။

ယခုတော့ ခရုများကို မြင်ရပါမူ စိတ်ဆိုးရပါတော့သည်။
နေ့ခင်းမှာဆို သူတို့က အကြိုအကြား
ပုန်းအောင်းနေသည်။ ညအခါ ဆိုပါမူ တရွေ့ရွေ့ဖြင့်
ထွက်လာကြသည်။ ညမှာ ထွက်လာသော ခရုများကို
အမှိုက်ကောက်ညှပ်ဖြင့် ညှပ်ပြီး ခြံအပြင်သို့လွင့်ပစ်ရသည်။
မီးမလာသည့် ညများမှာ အပေါ့အပါးသွားပါက သူတို့ကို
တက်၍နင်းမိသည်။

"ကျလွတ်" ဟုသော အသံကြားရပါမူ နားထင်များ
ကြိမ်ကာ ဟိုက်သွားပဟ တကောင်ဟု တွေးကာ
‌ခြေထောက်အောက်သို့ ငုံကြည့်မိသည်။ ထိုအခါ
ဖိနပ်အောက်မှ ခရုနင်းပြားတကောင်ကို အရည်များ
နှင့် ခရုခွံအကွဲတို့ကို တွေ့ရသည်မှ စိတ်မသက်မသာ
ဖြစ်ရတော့သည်။ ခရုများ၏ ပေါက်ပွားမှုက
အင်မတန်ကြောက်စရာကောင်းလှသည်။ သူတို့ကို
မည်သို့နှိမ်နင်းရပါ့။

တာယာပွကြီးက ပြောသည်။ ဒါက သူတို့ဒေသ နင်တို့အရင်
သူတို့က ရောက်နှင့်နေပြီသားဟုပြောသည်။ တာယာပွကြီးက အရက်သောက်သူ ဖြစ်သော်လည်း သူက အယူသီးသူတဦးဟု
ပြောရပေမည်။ ခရုများကို တက်နင်းမိပါက နှုတ်က တဖွဖွ
ပြောမဆုံးပေ။

"ငါချွတ်လို့ နင်တို့ကျွတ်သွားတာလို့ မပြောချင်ပါဘူး။
နင်တို့လည်း နင်တို့သဘာဝ ပျော်နေကြမှာ။ အဟေး
ငါလည်း ငါ့သဘာဝ ပျော်နေတာပဲလေ" ဟု ပြောဆို
တတ်လေသည်။ သူဟာနဲ့ သူတော့ ဟုတ်နေတာပဲ။

@htwegyi
September 28, 2025



0
0
0.000
3 comments
avatar

အရင်က ရန်ကုန်မှာလည်း အဲခရုတွေ ရှိတယ်။ အခုတော့ မတွေ့ရတော့ဘူး။ ရန်ကုန်မှာ နေစရာ နေရာရှားလို့ မျိုးတုံးသွားတာ ထင်တယ်

0
0
0.000
avatar

ဂေဟစနစ် အရဆိုပေမယ့်လည်း သူတို့ တအားများလာပြီး အကုန်ပတ်စားနေပြန်ရင်လည်း မဟုတ်သေးဘူးရယ်။

0
0
0.000
avatar

ဟုတ်တယ်‌ဗျို့။

0
0
0.000