အတွေးလမ်းမကြီး။
တူမ၏ မင်္ဂလာပွဲပြီတော့ ဧည့်သည်များ အသီးသီး
ပြန်သွားကြသည်။ ကိုယ်တွေလည်း ထိုရက်များမှာ
ပိုစ့်ရေးဖို့ ပျက်ကွက်ရသည်။ ကိုယ်တွေ ပိုစ့်တင်ဖို့
ပျက်ပါသည်ဆိုမှ Hive ဈေးသည်လည်း ဒလဟော
ကျဆင်းလေသည်။ ဒီတော့ ပိုစ့်တင်ဖို့ ပျင်းအောင်
ဒင်းက လုပ်နေပြန်ပါသည်။ သို့ပေသိ သူဈေးကျကျ
မကျကျ ကျွန်တော်ကတော့ မရေးလို့မရပါဘူး
ဆိုသလို။
မင်္ဂလာပွဲသို့ တက်ရောက်လာပါသော
@nweoomon ကို တနေ့က ဘူတာကြီးသို့
လိုက်ပို့ပေးရသည်။ @nweoomon က RBE
ရထားဖြင့် နေပြည်တော်သို့ ပြန်မည်ဖြစ်သည်။
မန္တလေး၊ နေပြည်တော် RBE ရထားလက်မှတ်ခ
သည် အထက်တန်း နှစ်သောင်းကျပ်ဖြစ်သည်။
ပထမတန်း တစ်သောင်းငါးထောင်ကျပ်ဖြစ်သည်။
ယခင်က ရိုးရိုးတန်း တစ်သောင်းကျပ်ဖြစ်သည်။
ယခုတော့ ထိုရိုးရိုးတန်းထိုင်ခုံကို အဝတ်အုပ်၍
ပထမတန်းပြုလုပ်ကာ ငါးထောင် ပိုတောင်းခြင်းဖြစ်သည်။
မီးရထားနှင့် ဝေးကွာသည်မှာ လေးနှစ်ကျော် ငါးနှစ်
အတွင်းဝင်ရောက်ခဲ့ပေသည်။ ထိုငါးနှစ်အတွင်းမှာ
မန္တလေးဘူတာကြီးကို မြင်ရ၊ တွေ့ရသည်မှာ အိုမင်းဟောင်းနွမ်းဆွေးမြေ့နေပေသည်။ စစ်ကိုင်းငလျင်
၏ ဒဏ်ကြောင့်လည်း အရုပ်ဆိုး အကျဉ်းတန်လှပေသည်။
ရထားလက်မှတ်ဝယ်ရန် ဘူတာကြီးအပေါ်သို့
တက်ရောက်သည့်အခါမှာ ဟာလာဟင်းလင်း
လူသူရှင်းကင်းမဲ့ကာ တိတ်ဆိတ်နေပေသည်။
ဟိုးစဉ်တုန်းက ကြိတ်ကြိတ်တိုး တိုးဝှေ့ဝယ်ယူခဲ့ရသော
မြစ်ကြီးနားရထားလက်မှတ်ပေါက်သည်ပင်
ဘယ်ဆီရောက်ရှိသွားသည် မသိရပေ။ တိတ်ဆိတ်
လှသော လက်မှတ်အရောင်းပေါက်မှ လက်မှတ်ကို
တိတ်ဆိတ်စွာဝယ်ယူသည်။ သို့ပေသိ @nweoomon က
လူအဆင်းအတက်ပြုလုပ်သော
အပေါက်အနီးမှ ထိုင်ခုံ မယူချင်၍ ထိုင်ခုံနေရာ
ပြန်လည်သည်။ လက်မှတ်ရောင်းသူက
တစ်ယောက်ထိုင်ခုံနေရာက ထိုနေရာသာရှိသည်ဟု
ပြောသည်။ နှစ်ယောက်ခုံ နေရာသာပေးပါဟု
ပြော၍ ထိုင်ခုံဝယ်ယူခဲ့သည်။
မနက် RBE ရထား တွဲပေါ်သို့ တက်သည့်အခါမှာ
တော့ နှစ်ယောက်ထိုင်ခုံလက်မှတ်နေရာသည်လည်း
အလယ်လူဝင်ပေါက်နေရာပင် ဖြစ်ပေသည်။
လက်မှတ်ရောင်းသူက လူညစ်ဖြစ်ပေမည်။
@nweoomon က ထိုလက်မှတ်ရောင်းသူကို
မေတ္တာပို့လေတော့သည်။ @nweoomon ကို
မနက်ငါးနာရီ ဘူတာကြီးပို့ပြီး ပုသိမ်ကြီးဘက်
သို့ ခရီးဆက်ခဲ့သည်။ ရန်ကင်းတောင်ခြေရှိ
ရပ်ကွက်မှ ခရီးသည်ကို ခေါ်၍ စစ်ကိုင်းသို့
ပို့ပေးရသည်။
အိုးဝေမောင်းသူက တူမ၏ သတို့သား
ဖြစ်သည်။ မနက်စောစော သူတဦးတည်းမို့
ကိုယ်တွေပါ အိုးဝေအဖော်အဖြစ် လိုက်သွားရခြင်း
ဖြစ်သည်။ မန္တလေးမြို့ပြင် ရပ်ကွက်များဆို၍
ဝင်းနှင့် ခြံနှင့် ကျယ်ကျယ်ပြန့်ပြန့်ရှိမည်ထင်ပေသိ။
လက်တွေ့အမြင်မှာတော့ ကိုယ်တွေ မြန်မာလူမျိုး
အများစု နေထိုင်ရာနေရာများက ဆယ့်ငါးပေ၊
ပေနှစ်ဆယ်နှင့် ပေသုံးဆယ် အကွက်များကို
လမ်းကျဉ်းလေးများခင်း၍ နေထိုင်ကြခြင်းဖြစ်
သည်ကို မြင်တွေ့ရသည်။
ပုသိမ်ကြီးကအပြန် အိုးဝေပေါ်မှာ ကျွန်တော်သည်
တိတ်ဆိတ်စွာဖြင့် လိုက်ပါခဲ့သည်။ လူကသာ
တိတ်ဆိတ်နေသည်။ အတွေးများက အစဉ်မပျက်
ပုသိမ်းကြီးလမ်းမကြီးနှင့် အပြိုင် ပြေးလွှားဆော့ကစား
နေပါလေတော့သည်။
@htwegyi
October 14, 2025
ဖတ်လို့ ကောင်းပါတယ် !PIZZA
ကျေးဇူးပါ။
$PIZZA slices delivered:
@phyowinkoko7(4/10) tipped @htwegyi
Come get MOONed!