အကြမ်းအရမ်းများ နောက်မှာ။

avatar

မနေ့ညနေက မိုးရွာသည်။ လေရော မိုးရော
အားကြီးသည်။ မြောက်မှ တောင်သို့ တိုက်သော
လေကြောင့် အိမ်မြောက်ဖက်ခြမ်းမှာ မိုးများ စိုးရွှဲ
ကုန်သည်။ ဝါးထရံကြားမှ မိုးများက လေနဲ့အတူ
အိမ်အတွင်း အတင်းဝင်ရောက်ကြသည်။
မိုးက မရွာမီ မိုးသံများပေးသည်။ အရှေ့အရပ်ဆီမှ
တခြိမ်းခြိမ်းမြည်းသံပေး၍ မိုးပစ္စုန်က အသံပေး
ကာ ကဆုန်ပေါက်လာသည်။

မိုးက ရွာမလိုလို မရွာသလို ပြုပြီး ချက်ချင်း
မိုးတိမ်များရောက်လာကာ ရွာချတတ်သည်။ဟော့
မိုးတိမ်များ အုံ့ဆိုင်းပြီးသကာလ ရွာချင်မှ ရွာပေသည်။
မိုးနဲ့ နွားသိုး ဒါကြောင့် အစိုးမရဘူးလို့ ပြောတာထင်ပ။
ကိုထီးရဲ့ မေမြို့မိုးကိုပင် သတိရသည်။
ရွာမလိုလို မရွာမလိုလိုနဲ့ လေနှင်ရာ
ပါသွားတဲ့ မိုးတိမ်လိုလို။
မြင်သာမြင် မကြင်ရတဲ့မေတ္တာ။
မြင်သာမြင် မရွာတဲ့မိုးတိမ်ပေါ့လေ။
မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ။

အခုတော့ မေမြို့ဆီမှာ မိုးသားတွေမဲနေတယ်ဗျို့။
မေမြို့ဆီမှ မိုးတိမ်များက ကျနော်တို့မန္တလေးဘက်ကို
ရောက်ရှိလို့လာပါတော့သည်။ တဂျိန်းဂျိန်းတဂျုံးဂျုံး
မြည်သံပေး၍ သွန်းချသလို ရွာချလိုက်ပါတော့သည်။
မိုးက ထိုသို့ ရွာချသည်နှင့် အိမ်အောက်သို့
ရောက်ရှိနေသော အမေ့ကို အိမ်ပေါ်သို့
အလျင်အမြန်ပြန်တင်ပို့ရသည်။ အမေက
မနက်မိုးလင်းသည်နှင့် အိမ်ပေါ်မှအောက်သို့
ဆင်း၍ နေတတ်သည်။ အိမ်အပေါ်မှာ ခြင်ကိုက်
သဖြင့် အိမ်အောက်သို့ ဆင်ခြင်းဖြစ်သည်။

ခြင်များက အိမ်အပေါ်မှာ အမှောင်ကို အကာအကွယ်ယူ၍ကိုက်တတ်သည်။ အိမ်အောက်မှာလေဝင်လေထွက်ကောင်းသဖြင့်
အိမ်အပေါ်လောက်ခြင်မကိုက်ပေ။
ထိုကြောင့် အမေက မနက်မိုးလင်းသည်နှင့်
အိမ်ပေါ်မှ အိမ်အောက်သို့ ဆင်း၍နေတတ်သည်။
ယခု မိုးများ ဝုန်းဒိုင်းကျဲရွာချသဖြင့် အမေ့ကို
အိမ်အပေါ်သို့ ကမန်းကတန်း တင်ကြရသည်။

အမေ့ကိုအိမ်ပေါ်တင်ပြီး ခဏအမော‌ဖြေနေစဉ်
အရှေ့ဘက်အရပ် ကောင်းကင်ဆီမှ သက်တန့်ကြီး
ကိုမြင်ရသည်။ သက်တန့်ကြီးကို မမြင်ရတာ
အတော်ကြာပြီဖြစ်၍ ကလေးကဲ့သို့ တမေ့တမော
ကြည့်မိသည်။ သက်တန့်ကို မြင်ရတော့လည်း
ငယ်စဉ်က သက်တန့်အကြောင်းသင်ကြားရသည့်
စာလေးကိုသတိရမိပြန်သည်။
နေရောင်က မိုးရေမှုန်တို့ကို
ဖြတ်သွားရာမှ ဖြာထွက်လာသော
အလင်းတန်းလေးဖြစ်သည်တဲ့။

ရာသီဥတုက စောစောက မိုးတွေ လေတွေနဲ့
ဝုန်းဒိုင်းကျဲပြီး၊ ယခုတော့ သက်တန့်ကြီးနဲ့
သာယာနေပြန်သည်။ မုန်းတိုင်ပြီးရင် လေပြေ
လာသလို။ အကြမ်းအရမ်းတွေ ပြီးပါရင်ဖြင့်
အနုအရွ သမုဒယလေးတွေ လာပါစေလေ။

@htwegyi
October 19, 2025



0
0
0.000
3 comments
avatar

လေပြေတွေပဲ လာစေချင်မိတော့သည်။
!PIZZA
!HUG
!LOLZ

0
0
0.000
avatar

သက်တံ့ကြီး လှလိုက်တာ !PIZZA

0
0
0.000